Advertisement

Responsive Advertisement

တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးအရှင်ဝိစိတ္တသာရာဘိဝံသ ထေရုပ္ပတ္တိအကျဉ်း





တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။ ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည် ။

Post a Comment

0 Comments