Advertisement

Responsive Advertisement

#မဟာဝိရ (ခရစ်မပေါ်မီ ၅၉၉ - ၅၂၇)



#MAHAVIRA (599 – 527 B.C.)

မဟာဝိရ(လူစွမ်းကောင်းကြီး)လို့ ဇိနတွေက သူတို့ယုံကြည်မှုရဲ့ခေါင်းဆောင် ဝရ်ဓမနကို ခေါ်ပါတယ်။ ဝရ်ဓမနကို ခရစ်မပေါ်မီ ၅၉၉ခုနှစ်က အရှေ့မြောက်အိန္ဒိယမှာ မွေးတယ်။

ဒီဒေသက ဂေါတမဗုဒ္ဓကို မွေးဖွားတဲ့နေရာပါပဲ။ ဒါပေမယ့် ဗုဒ္ဓထက် အသက်(သုံးဆယ့်ခြောက်နှစ်) ကြီးပါတယ်။ ဝရ်ဓမနက ဂေါတမလိုပဲ မင်းသားငယ်တစ်ပါးမို့ ငယ်ငယ်က မင်းစည်းစိမ်ခံစားပြီး ကြီးပြင်းခဲ့ရတယ်။

အသက်သုံးဆယ်မှာ ဇနီးနဲ့သမီးကိုစွန့်ပြီး တောထွက်တယ်။ ခြိုးခြံတဲ့အကျင့်ကို ကျင့်တယ်။ ဝရ်ဓမန ပရ်သွနာထဂိုဏ်းမှာ ရဟန်းဝတ်ပြီး တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တရားထိုင်ပြီး အကျင့်ကို အလွန်အကြူးအားထုတ်တယ်။ ကိုယ်ပိုင်ပစ္စည်းတွေ စွန့်လိုက်လို့ ရေခပ်သောက်စရာ ခွက်ငယ်တစ်ခုတောင် မရှိပါ။ ကိုယ်မှာဖုံးလွှမ်းစရာ အဝတ်ကိုတောင် စွန့်လိုက်သဖြင့် ကိုယ်လုံးတီးနေပါတယ်။ ကိုယ်ပေါ်မှာတက်လာတဲ့ ပိုးမွှားကိုတောင် လက်နဲ့ဖယ်ရှားမပစ်ပါ။ ခြင်၊ မှတ် အကိုက်ခံနေတယ်။ အိန္ဒိယလို ဖုန်းတောင်းယာစကာ ပေါများတဲ့နေရာမှာတောင် မဟာဝိရရဲ့ ပုံပန်းသဏ္ဌာန်က ကဲ့ရဲ့လှောင်ပြောင် ရိုက်နှက်စရာဖြစ်လို့ ကဲ့ရဲ့လှောင်ပြောင်ရိုက်နှက်ပေတဲ့ သည်းခံတယ်။ နည်းနည်းမှ တုံ့ပြန်ခုခံခြင်း မပြုပါ။ အသက်လေးဆယ့်နှစ်နှစ် ရှိတဲ့အခါ မဟာဝိရက ငါအကျွတ်တရားရပြီလို့ ကြေညာတယ်။ ပြီးမှ အသက်မသေမီ အနှစ်သုံးဆယ်လုံးလုံး တပည့်တွေ အကျွတ်တရားရရာရကြောင်း ဟောပြောဆုံးမတယ်။

ခရစ်မပေါ်မီ ၅၂၇ ခုနှစ်မှာ ကွယ်လွန်တဲ့အခါ သူ့ကိုကြည်ညိုတဲ့တပည့်တွေ အများအပြားကျန်ရစ်ပါတယ်။ မဟာဝိရရဲ့ ဟောပြောချက်တွေဟာ ဗုဒ္ဓဝါဒ၊ ဗြဟ္မဏဝါဒတွေနဲ့ ဆင်ဆင်တူတယ်။ ဇိနဂိုဏ်းဝင်တွေက လူသေရင် ဘဝတစ်ပါးကိုရောက်တယ်။ (လူပြန်ဖြစ်ချင်မှဖြစ်မယ်။) အခုလို ဘဝပြောင်းတာဟာ ဇိနတွေရဲ့ ဇိနတွေယုံတဲ့ ကာရ်မဆိုတာ အခုဘာလုပ်လုပ်၊ အဲဒါရဲ့ကောင်းကျိုးဆိုးပြစ်ကို နောင်မှာခံရစံရမယ်လို့ ယုံတယ်။ လုပ်မိသမျှ အကုသိုလ်တွေများမှာ သေချာတယ်။ ဒါတွေကို ချုပ်ငြိမ်းအောင် လုပ်ဖို့ ဇိနကတရားပြတယ်။

မဟာဝိရအလိုက တဏှာကိုပယ်ရမယ်။ ဇိနတပည့်ရဟန်းတွေက ဒီတရားကိုအားထုတ်တယ်။ ငတ်ပြီးသေတဲ့အထိ နေနိုင်ရင်ကောင်းတယ်လို့ ယူဆတယ်။ ဇိနဝါဒမှာ အရေးအပါဆုံးတရားက အဟိသ္မ-အကြမ်းမဖက်တဲ့အကျင့်ကို အလွန်အမင်းအားပေးတယ်။ လူအချင်းချင်းသာမက တိရစ္ဆာန်ကိုပါ နှိပ်စက်ညှဉ်းပန်းခြင်းမပြုရလို့ သင်ကြားပါတယ်။ ဒီလိုဆိုရင် ဇိနဝါဒီတွေဟာ သက်သက်လွတ်စားကြမှာ ဖြစ်ပါတယ်။

တကယ်တမ်းကျင့်တဲ့ ဇိနဂိုဏ်းဝင်ဆိုရင် ဒါ့ထက်ပြင်းထန်သေးတယ်။ ခြင်ကလေးတစ်ကောင်တောင် မသတ်ပါ။ ပိုးမွှားပါတာကို မဖယ်ရှားဘဲ စားမိမှာစိုးလို့ အမှောင်ထဲမှာအစာမစားပါ။ ချမ်းသာပြီး တရားကိုတကယ်လေးစားတဲ့ ဇိနဂိုဏ်းဝင်ဆိုရင် သူလျှောက်မယ့်လမ်းမှာ ပိုးမွှားတွေမရှိအောင် လူငှားပြီးလမ်းကို တံမြက်လှဲခိုင်းတယ်။ ဒီအတိုင်းသာဆိုရင် တရားကိုလေးစားတဲ့ ဇိနဂိုဏ်းဝင်ဟာ စပါးစိုက်ပျိုးလယ်ထွန်ဖို့ စိတ်သန့်မှာမဟုတ်ပါ။ ဒါကြောင့်လည်း ယုံကြည်မှုကို အကြောင်းပြုပြီး တချို့အလုပ်ကြမ်းကို လုပ်ခွင့်မရကြပါ။

ဇိနဝါဒဟာ ယုံကြည်ချက်တူတဲ့လူတစ်စုရဲ့ အနေအထိုင်၊ အလုပ်အကိုင်ကို ဘယ်လိုထိခိုက်တယ်ဆိုတာကိုပြဖို့ အကောင်းဆုံးစံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားဆိုရင် စိုက်ပျိုးရေးလုပ်ဖို့ အင်မတန်နီးစပ်ပေမယ့်ဇိနဝါဒီတွေဟာ လယ်သမားမဖြစ်၊ ရောင်းဝယ်ရေးကိုသာ လုပ်ကြရပါတယ်။ လုံ့လဝီရိယလည်း သိပ်ကောင်းကြပါတယ်။ အဲဒါကြောင့် သူတို့ဟာ များသောအားဖြင့် ချမ်းသာကြွယ်ဝကြတယ်။ ပညာတတ်၊ လက်မှုပညာ ကျွမ်းကျင်သူများတယ်။ သူတို့အထဲက စာပေအနုပညာ ထွန်းပေါက်သူတွေ တခြားလူတွေထက် လူဦးရေအချိုးကျ ပိုများပါတယ်။

မူလက ဇိနဝါဒက လူတန်းစားဇာတ်မခွဲပါ။ နောက် ဗြဟ္မဏဝါဒနဲ့ နီးစပ်လို့ ဇာတ်ခွဲတတ်လာတယ်။ ဟိန္ဒူတွေမှာလောက်တော့ မပြင်းထန်ပါ။ မဟာဝိရက ဘုရားတစ်ဆူ၊ အယူဝါဒကို အက္ခရာတင်ပြီး ရေးသားခြင်းမရှိလို့ ဗြဟ္မဏအယူအဆတွေ အနည်းအများဝင်လာပါတယ်။ ဒါပေမယ့် သူတို့က သူတစ်ပါးကို လွှမ်းမိုးတာလည်း ရှိပါတယ်။ သားကောင်ကိုသတ်ပြီး ပူဇော်ခြင်းနဲ့ အသားစားခြင်းတွေကို ရှောင်ရန် ဟိန္ဒူတွေကို လှုံ့ဆော်ခဲ့တယ်။ အဲဒါအပြင် ဇိနဝါဒက အကြမ်းမဖက်ရဆိုတဲ့အစွဲဟာ အိန္ဒိယအကျင့်အဖြစ်နဲ့ ခေတ်သစ်အထိ ဆင်းသက်လာတယ်။ ဥပမာ ဂန္ဒီဟာ ဇိနဆရာ ဂြီဖဒ်ရာဇဆန္ဒြ (1867-1900) ကို ဆရာတင်ပြီး အလုပ်တော်တော်များများကို ပြုလုပ်ခဲ့တယ်။

ဇိနဝါဒီတွေက အရေအတွက်သိပ်မများပါ။ အိန္ဒိယတစ်နိုင်ငံလုံးမှာ အစုစုသုံးသန်းခွဲ လောက်ပဲရှိတယ်။ အနှစ်နှစ်ထောင့်ငါးရာကြာတဲ့အခါ ယုံကြည်သူတော်တော်များခဲ့ပြီလို့ ပြောနိုင်ပါတယ်။ မဟာဝိရရဲ့ သြဇာအတိုင်းအတာကိုတွက်ရင် သူ့ဆုံးမချက်ကို လက်ခံတဲ့လူအရေအတွက်ကို အမှန်ထည့်တွက်ရမှာ ဖြစ်ပါတယ်။

The 100 A Ranking of the Most Influential Person in History by MICHAEL H. HART ကို ဒေါက်တာသန်းထွန်း မြန်မာပြန်ထားတဲ့ ‘ကျော်စွာ၁၀၀’ ထဲက ..

Post a Comment

0 Comments