Advertisement

Responsive Advertisement

သတိပဋ္ဌာန်ကိုနာ၍ကျင့်ပါ



သတိပဋ္ဌာန်ကိုနာ၍ကျင့်ပါ

••••••••••••••••••••••••••••••••••
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတော နာပိ ဗန္ဓဝါ။
အန္တ ကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

ဒီဂါထာလေးက ပဋာစာရီကို ဟောကြားတဲ့ ဂါထာလေးပါ။ ချစ်သမီး ပဋာစာရီ သားတွေသမီးတွေ ဆွေတွေ မျိုးတွေဆိုတာ တကယ့်အားထားရာ မဟုတ်ကြပါဘူး။ အယ်မတန်ယုတ်မာနေတဲ့ အရှင်သေမင်းရဲ့ ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်ချက်တွေကို ခံနေရသူတို့အဖို့ ဆွေမျိုးတို့၌ ကိုးကွယ်မှီခိုရာ မရှိတော့ပါဘူးတဲ့။ ဒီဂါထာလေးကြားနာရပြီးတော့ ပဋာစာရီလည်း သောတာပန်တည်သွားပါတယ်။

နောက်တစ်ခု အားလုံးသိကြတဲ့ သန္တတိအမတ်ကြီး ကချည်သည်မလေး သူ့ရှေ့ ဗုန်းကနဲ သေသွားတော့ သောကပရိဒေဝတွေ လောင်မြိုက်နေတယ်။ ဘုရားရှင်၏ တရားတော်ဆုံးတော့ အရဟတ္တမဂ်ဖိုလ် တည်သွားပါတယ်။

ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ, တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ။(မ၊ဋ္ဌ၊၁။၂၃၇)

ဒီနေရာမှာ ပြောချင်တာက ဂါထာလေးအဆုံးဆိုပေမယ့် သောတာပန်တည်သွားတာမဟုတ်ပါဘူးလို့ မူလပဏ္ဏာသအဋ္ဌကထာ ပထမတွဲ စာမျက်နှာ(၂၃၇)မှာ ဆိုထားပါတယ်။ ဘယ်လိုဆိုထားလဲ?။ သတိပဋ္ဌာန်နှင့် ကင်းပြီးတော့ (သို့မဟုတ်) ကာယဝေဒနာစိတ္တဓမ္မဟု ခေါ်ဆိုအပ်တဲ့ တရားတွေထဲက တစ်စုံတစ်ခုသောတရားတို့ကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွါးမသုံးသပ်ဘဲနှင့် ဘာဝနာလုပ်ငန်းရပ်ဆိုတာမရှိကောင်းပါဘူး၊ ဒါကြောင့် ပဋာစာရီထေရီမ၊ သန္တတိအမတ်ကြီးတို့ဟာ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂဟု ခေါ်ဆိုအပ်တဲ့ မဂ်၏ရှေ့အဖို့၌ ကျင့်ရမယ့် သတိပဋ္ဌာန်တရားတွေကို ကျင့်ပြီးမှသာ သောကပရိဒေဝတွေ ချုပ်ငြိမ်းပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိသွားပါတယ်။

ဒီအကြောင်းနှင့် ပါတ်သတ်လို့  မူလပဏ္ဏာသဋီကာ ပထမတွဲ စာမျက်နှာ(၃၃၃)မှာ ထပ်ပြီးအရေးကြီးတဲ့ အချက်လေးတွေကို ရှင်းထားပါတယ်။ ပဋာစာရီထေရီမက ဂါထာလေးနာလိုက်ရုံနှင့် သောတာပန်တည်ပုံကို -
“သောတာပတ္တိဖလေ ပတိဋ္ဌိတာတိ ယထာနုလောမံ ပဝတ္တိတာယ သာမုက္ကံသိကာယ ဓမ္မဒေသနာယ ပရိယောသာနေ သဟဿနယပဋိမဏ္ဍိတေ သောတာပတ္တိဖလေ ပတိဋ္ဌဟိ။”(မ၊ဋီ၊၁။၃၃၃)

ဒီနေရာမှာ  သာမုက္ကံသိကာယ ဓမ္မဒေသနာဆိုတာ သစ္စာလေးပါးနှင့် ဆက်စပ်တဲ့ တရားစကားကို ဟော်တော်မူပါသေးတယ်လို့ ဖွင့်ဆိုထားပါတယ်။ ဘုရားရှင်ရဲ့တရားတွေဟာ သစ္စာလေးပါးနှင့် လွတ်ကင်းတဲ့ တရားဆိုတာ မရှိစကောင်းပါဘူး။ ဒါကြောင့် သစ္စာလေးပါးနှင့်ဆက်တဲ့ တရားစကားတွေကို ဒီဂါထာလေး ဟောပြီးတဲ့ အချိန်မှာ ဆက်ပြီးဟောတော်မူပါတယ်။ ဟောလိုက်တော့ ဒီသစ္စာလေးပါးနှင့်ဆက်တဲ့ တရားစကားတွေ အဆုံးမှာ သောတာပန်တည်သွားပါတယ်လို့ ဋီကာဆရာကထပ်ပြီး ဖွင့်ဆိုထားပါတယ်။

ဒီတော့ ဂါထာလေးသက်သက်ကို ဟောလို့တော့ သောတာပန်တည်တာမဟုတ်ဘူး၊ ဂါထာလေးဟောလိုက်စဉ် သောကပရိဒေဝတွေ ငြိမ်းသွားပြီး၊ ငြိမ်းအေးပြီးမှ သစ္စာလေးပါးနဲ့ ဆက်စပ်တဲ့ တရားစကားကို နာလိုက်မှ သောတာပန်စတဲ့ အရိယာသူတော်ကောင်းတွေ ဖြစ်သွားကြပါတယ်ဆိုပြီး ပဋာစာရီထေရီမ၊ သန္တတိအမတ်ကြီးတို့ကို ပုံစံထားပြီးတော့ ထုတ်ပြထားပါတယ်။

ဒါကြောင့် တရားနာပရိသတ်တွေ အနေနဲ့ ဘုရားရှင်ဟာ ဂါထာလေးတစ်အပုဒ်လောက် ဟောလိုက်ရုံနဲ့ အရိယာပုဂ္ဂိုလ်တွေ ဖြစ်သွားသလား?၊ ဘာဆက်ဟောလဲ၊ သစ္စာလေးပါးနှင့်ဆက်တဲ့ သတိပဋ္ဌာန်တရားတွေကို ဆက်ဟောကြားလိုက်ပါမှ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေ ဖြစ်သွားကြပါတယ်။

"ဖားအောက်တောရဆရာတော် "

Post a Comment

0 Comments