Advertisement

Responsive Advertisement

မုလအိဘုရား သမိုင်း



တန်ခိုးဝေစည် မုလအိ စေတီ သမိုင်း
🙏===================🙏
မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင်
သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသ၌ မင်းလုပ်အုပ်ချုပ်
စိုးစံတော်မူသော တိဿဓမ္မသီဟရာဇာမင်း သည်
သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်
မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်
မဏ္ဍပ် တို့ကို တည်ဆောက်၍ ချီလက်နှစ်ဖြာ
ကြည်သဒ္ဓါဖြင့် ပူဇော်ကြလေသည်...

ဒေသနယ်ပယ်အသီးသီး တို့မှ ရသေ့များ ကလည်း
ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့
ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်
ကြလေသည် ...
ဘုရားရှင်လည်း ဒေသနာ ရေအေးတရားဆေးတို့ကို
တိုက်ကျွေးပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာ သော ဓါတ်တော် မွေတော် ဆံတော် တို့ကို ပေးသနားတော် မူပါရန်
လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်
လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်
မူရာတွင် ..
ကျိုက်ထီးရိုး တောင်၌နေထိုင်သော
တိရဿရသေ့ ...
ဇွဲကပင်တောင်တွင်နေထိုင်သော
သီဟရသေ့နည်းတူ.....
မုလအိတောင် မူလတောင်တို့မှ နေထိုင်သော
နုရဒ ရသေ့ နှင့် ကပ္ပ ရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တဆူစီကိုဖူးမြော်ကိုးကွယ်ခွင့် ရရှိကြလေသည်...

မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော
ကပ္ပ ရသေ့ သည် မိမိတရားအားထုတ်သော
တောင် ၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာ
ဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ် မြို့ကို
အစိုးရသော ကလာပုမင်း နှင့် တိုင်ပင်လေသည် ..
ကျိတ် မြို့ ကိုအစိုးရသော ကလာပု မင်းသည်
တန်ခိုးသြဇာကြီးမားပြီး ကုသိုလ်ကောင်းမှု အရာ၌
စိတ်အားထက်သန်သူဖြစ်လေရာ ကပ္ပရသေ့
တိုင်ပင်ချက်ကို ရွှင်လန်းဝမ်းမြောက်စွာ
သဘောတူညီလေသည် .
ကိတ်တောင် အစ ရှိသော ဟောင်သရောချောင်း
ဖျားတလျှောက် လဝ လူမျိုး ရှိရှိသမျှ အပေါ်
တန်ခိုး အာဏာဣဒ္ဓိ ရှိသည့် မင်း ဖြစ်သည့်အတိုင်း
သဘောတူညီပြီး အာမခံပြီးသော် မဟာသက္ကရာဇ်
( ၁၁၄ ) ဘီစီ ( ၅၇၈ ) မြူနှင်းဝေကျသော မန္တဥတု
နတ်တော်လ တွင် အလှူအတန်း ပွဲလန်းသဘင်
တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင်
ကပ္ပ ရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင်
ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင်
ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့်
သုတ်လိမ်းကာ ဌာပနာတိုက်ကို
ပြုလုပ်ကြလေသည် ...
ရွှေကြုတ် ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏
ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏...
ပြီးလျှင် ကပ္ပရသေ့ ရုပ်ထု ကုလာပုမင်း ရုပ်ထု
တို့ကို ရွှေပန်း ငွေပန်း ဖြင့် ပူဇော်ပြီး
ကျောက် သံ ပတ္တမြား မြောက်များစွာ ကို
ဌာပနာ ကြလေသည် ...
ထိုသို့ ဌာပနာ ပြီးလျှင် တောင်ထိပ် ပြင်အကျယ်
အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်
တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်
ဥာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီ
တဆူ ကို တည်ထားကိုးကွယ်လေ၏ ...
ဘုရားစေတီဘွဲ့တော် နာမည်ကား ကျိုက်မုလအိ
ဟူ၍ အမည်တွင်လေ၏...
မြန်မာဘာသာ ခေါ်ဝေါ် အားဖြင့် အမြဲ ထင်ပေါ်သော
ဘုရား ဟူ၍ ခေါ်ရိုး ပြုကြလေသည်...
မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည်
၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်
၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှ
တောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်
ဟုသိရှိရလေသည် ...
စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀
ကျော်ပြီး တောင်မြောက် ၃၈ ပေ သာ ကျယ်ဝန်း
လေသည် ..
မူလက မုလအိ စေတီ မှာ တဆူ သာရှိသော်လည်း
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်
တဆူ ထပ်မံတည်ဆောက်၍ မူလအိ စေတီ
ညီနောင် ဟူ၍ အမည်သညာတွင်လေသည်
မုလအိ စေတီတည်ရှိရာတောင်ထိပ် ပေါ်သို့
တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသော
ချောက်ကမ်းပါး တောင်စွယ် တနေရာ ကို
ဖြတ်ကျော်ရလေသည် ...
ထို နေရာသည် တောင် အောက်မှလေများ
ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်
နုနယ်သည့် အမျိုးသမီး တို့မှာ စေတီရှိရာ
တောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲ
အမျိုးသားတို့သာ တက်ရောက်နိုင်သည်
ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ
၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်
ကိုယ်စား စေတီ နှစ်ဆူကို တညိထားပေးခြင်းဖြစ်
သည်ဟုဆိုကြလေသည်...
တောင်ထွတ်မြင့်မားခြင်း ဖြစ်၍
ဆီး နှင်း မြူ တိမ် တို့ အမြဲ ကျဆင်းနေလေရာ
ပူလောင် အိုက်စပ် တပေါင်း လ တွင်ပင်
ထို တောင်ထိပ် ၌ ခိုက်ခိုက်တုန်အောင်ချမ်းလေသည်..
အမိုးကာ မရှိ၍ သစ်ပင် ဝါးပင်ရိပ် တို့၌
အိပ်သူများ အဖို့ မီးပုံ များပင်ဖို၍ အိပ်ရလေသည်...
မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည်
တောင် ချောက် ကမ်းပါးယံ ၌ အလွန်မတ်ဆောက်၍
အဆင်းခက်လှသော နေရာတွင် ဇော်ဂျီဖို ထိုးရာ
နေရာ တွင်းဂူကြီး ရှိလေသည်...
ခု ထိတိုင် မည်သူ တဦးတယောက်မျှ အရဲလွန်
၍ မဆင်းဝံ့ သေးချေ...
တောင် ချောက်ကမ်းပါး တို့ ဆင်းသော နေရာ၌
လည်း သတိလက်လွတ်ခြေချော်သွားပါက
အသဲယားဖွယ်ကောင်သော ချောက်ကမ်းပါးကြီး
က ဆီကြိုနေလေသည်...
မိန်းမ စေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်..
လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံး
ခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစ များကို
တွေ့ရှိရသေးသည်...
ယခုတော့ ကျောက်သားအဖြစ်သာ တည်နေသည့်
မုလအိ တောင်ထွတ် ၏ အဖြောင့်အတိုင်းသွားလျှင်
အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီး
အရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ
၈ မိုင် အကွာ၌ မုလအ တောင်တော် တည်ရှိလေသည်...
မုလအိ စေတီ တည်၍ မုလအိ တောင်အမည်တွင်
သော တောင်၏ ထူးဆန်းမှု တရပ်မှာ
သစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သော
အပင်တို့လည်း များစွာ ရှိလေသည်...
သစ်မင်း သစ်မင်းရာဇာ တောင်ကလယ် ဝေး
စသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက်
သဇင်နီ သဇင်ဖြူ ပန်းများစွာ လည်း
ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်...
သစ်မင်းတို့၏ ပင်စည် အကိုင်းအခက် တို့တွင်
သစ်ခွ သဇင် တို့မှာ ပြွတ်သိပ်စွာ ပေါက်ရောက်၍
မူလ သစ်ပင်မှာ ပျောက်နေသလို
ပန်းမျိုးစုံ တို့ဖြင့် ဝါထိန်၍ ရနံ့ များမှာ တော တောင်
တခွင်လုံး သင်းပျံ့လျှက် ရှိလေသည်...
Credit #ခရီးသွားဧည့်သည်
နတ်​ပြည်​မှာ.တည်​ထားတဲ့အတိုင်းပါပဲလား.....အမြင့်​ကြီးပဲ..
````တိမ်တောင် တိမ်တိုက်တွေကြားက မုလအိဘုရား မုလအိတောင်````
++++++++++++++++++🙏🙏🙏🙏🙏🙏🙏🙏🙏
ကရင်ပြည်နယ်ရဲ့ အထင်ကရ နေရာတခု....
ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး
(၆၅၇၈)ပေမြင့်ပါတယ်။
.
မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုက
နွေဦးပေါက်စမှ သွားဖူးတာများပါတယ်။
..
...
ကရင်ပြည်နယ်
မြ၀တီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ ရသလို..
ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ ရပါတယ်။
သို့ မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း
သွားလို့ ရပါတယ်။
..
.
တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာ
တောင်အလွန်မြင့်တော့
ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်
မိုးရာသီလို အချိန်တွေမှာ ဘုရားစေတီနီးနား
တောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့ 
ဖုံးလွှမ်းနေတတ်ပါတယ်။
+
+
လေအေးတွေလည်း စဉ်ဆက်မပြတ်
အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)
ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်
ယူဆောင်သွားဖို့ လိုအပ်ပါတယ်။
.
ဆောင်းညတွေဆို မြူနှင်းကျသံ ``တဖျောက်ဖျောက်``
ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။
.
.
မုလအိစေတီဘုရာဟာ သမိုင်းရာဇ၀င်အရ မြတ်စွာဘုရားရဲ့ 
ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ ဆိုပါတယ်။
...
စေတီဘုရားနဲ့ ဝန်းကျင် တောတောင်ရေမြေတွေဟာ
သန့် ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများ
အနေဖြင့် အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ်လွတ်နယ်မြေ)၊ကြမ်းတမ်းစကားပြောဆိုခြင်း၊ သမီးရည်းစားမဖွယ်မရာ(လက်ကိုင်ခြင်းမှစ)လုပ်ဆောင်ခြင်း၊
ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သောစကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ်ရပါတယ်။
.
ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက
အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ တောကောင်များ(ကျားအပါအ၀င်)က
လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ ကြုံရတတ်တယ်
လို့ ဆိုပါတယ်။
..
တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ
ကိုယ်လက်သန့် စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှ
စေတီဘုရားကို တက်ဖူးရပါတယ်။
.
.
မုလအိတောင်ထိပ်မှာ သီလမစင်ကြယ်၊
သမာဓိအားမကောင်းတဲ့
ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊
ပြည်သူများအနိုင်ကျင့်စော်ကားတဲ့
နိုင်ငံတော်အကြီးအကဲများ
ရောက်လာလျှင် ကြောက်မက်ဖွယ်ရာ
လေကြီးမိုးကြီး ၊
မိုးကြိုးပစ်ခြင်း အတိတ်
နိမိတ်တွေနဲ့ ကြုံရတတ်ပါတယ်။
...
တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့ ၊
အမျိုးသားများသာ ဖူးမျှေ်တဲ့ဘုရားရှိပါတယ်။
...
ကြည်ညိုသူများ သွားရောက်ဖူးမျှော်နိုင်သလို
ရေမြေ တောတောင် သဘာဝအလှတရားတွေကို
ချစ်မြတ်နိုးသူအနေနဲ့ လည်း သွားရောက်
လည်ပတ်နိုင်ပါတယ်။
....
လောဘ ဒေါသ အာဃာတစစ်ပွဲ၊
အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ ပြည့်နက်နေတဲ့
ပတ်ဝန်းကျင်တွေကို
ခဏတာမေ့ထား/ပစ်ထားပြီး......
သီလသမာဓိရှိရာ၊
သန့် ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊
စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊
တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊
သူတော်စင်တို့ ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာ
ခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့ 
ပုထုဇဉ်လူသားအားလုံးကို တိုက်တွန်း နိုးဆော်လိုက်ပါ၏။
+++++++++++
ငြိမ်းချမ်းမှုတခုခုကို
သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့ လည်း မျှော်လင့်မိပါ၏။
.
.
+++++++++++++
.credit
ကော်သူးလေ
စုဆောင်းမိသမျှ မုလအိစေတီတော်သမိုင်းများကို ကုသိုလ်ယူကြည်ညိုနိုင်စေရန် ကူးယူဖော်ပြပါသည်.. 🙏
#T&TCarRental

Post a Comment

0 Comments