Advertisement

Responsive Advertisement

ပဋ္ဌာန်းတရားဆိုင်ရာ



ပဋ္ဌာန်းတရားဆိုင်ရာ
ရောင်ခြည်တော်ဖွင့်ဘုရားပင့်+ဘုရားရှိခိုးနှင့်
ပဋ္ဌာန်းအမွှန်း+နတ်ဖိတ်+နတ်ပို့=ဂါထာ အနက်များ
------------------------------------
 ပဋ္ဌာန်းတရား နာကြားရန်အတွက်
နတ်ဗြဟ္မာများအား ဖိတ်ကြားရန်
သုဒုလ္လဘတရော ဒါနိ၊ ၀ိမှယော ဘော သမုဗ္ဘ၀ိ။အဘိဓမ္မဘေရီ ဘာတိ၊ သာဓု မနောနုရဉ္စနီ ။
ဘော = စင်္ကြာဝဠာအနန္တတွင် တည်နေကိန်းအောင်း အို..နတ်ဗြဟ္မာအပေါင်းတို့..။
ဒါနိ ဣဒါနိ = ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရန် အချိန်ရောက်လာ ဤအခါ၌ ။
သုဒုလ္လဘတရော =ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘောနှင့် ကြုံသောကာလ သာသနာ့အချိန်အခါကို
ကြုံလာတွေ့မှ ရခဲရ၍ အလွန်တရာ ရခဲလှစွာသော။
ဝိမှယော = ခက်ခဲသဘော နက်နဲသောနှင့် ဟုတ်သောမှန်သော ရှင်ပင်ဟောမှ သိသောအရာ လွန်စွာသိမ်မွေ့ ပကတေ့သဘောစပ်ယှဉ်နှော၍ အံ့သြဖွယ်လည်း ကောင်းပေထသော..။

အဘိဓမ္မဘေရီ = သဘာဝကျုံးချုံ အလုံးစုံကို
ဖုံဖုံခွဲထား ပိုင်းဖြတ်ခြားဖြင့် ဘုရားဇိနော် ဟောမိန့်ဖော်သည့် ဒေသနာတော် ဥက္ကဌ်
အဘိဓမ္မာတရားတော်မြတ်ကို ဟောအပ်ခဲ့ရာ
ချိန်အခါနှင့် လွန်စွာတူပြီး အဘိဓမ္မာတရားစည်
ကြီးသည် ။
သမုဗ္ဘ၀ိ = ဖြစ်ထွန်းပေါ်ပေါက်တော်မူလာခဲ့ပေပြီ..။
သာဓုမနောနုရဉ္စနီ = သူတော်စင်စိတ်နှလုံးကို ယူကျုံးနှစ်ခြိုက် တိုက်ရိုက်ဖြစ်စေနိုင်လေ့ရှိသော..။
အဘိဓမ္မဘေရီ = အဘိဓမ္မာ တရားစည်ကြီးသည်။
ဘာတိ = လူ့ပြည်လောက လူ့ဌာန၌ ဓမ္မနက်ခေါင် တရားရောင်ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းတောက်ပ၍ နေပါပြီတကား ။
(၂)
သဒ္ဓမ္မစာရ ဒေ၀ါနံ၊ နိမန္တေမ သဂါရ၀ါ ။
မောဒမာနာ အာဂစ္ဆန္တု ၊ သုဏန္တု ဓမ္မမုတ္တမံ ။
သဒ္ဓမ္မစာရ ဒေ၀ါနံ = သူတော်စင်များ ကျင့်ကြံပွါးသည့် တရားနက်ခေါင် မြိုက်လက်ဆောင်ကို ကျင့်ဆောင်နိစ္စ ကြိုးကုတ်ကြသည့် ဒေ၀ဒေ၀ါ နတ်ဗြဟ္မာတို့အား ။
သ ဂါရ၀ါ = သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းသင်းလေ့ဖြင့် မမေ့အပ်သူ မိတ်စစ်ဟူ၍ ကြည်ဖြူစိတ်ရင်း ရိုသေခြင်းရှိကြကုန်လျက်။
နိမန္တေမ = ဘောစဉ်မြိုက်ခဲ ဓမ္မပွဲကို လက်တွဲရွှင်ပြုံး တူနှလုံးဖြင့် သုံးဆောင်လိုက်ပါ စိတ်စောစွာဖြင့် မှာတော်စာသားဂါထာပါးလျက် ဖိတ်ကြား
နိမန်ကြပါကုန်၏။
မောဒမာနာ = ဓမ္မမိတ်ဆွေတို့တစ်တွေကို
ဖိတ်ပေကုန်၏ ဂွမ်းဆီထိသို့ ပီတိရွှန်းစို နှစ်လိုဝမ်းမြောက်ကြကုန်သည်၍ ။
အာဂစ္ဆန္တု = ဓမ္မစည်ကြီး သောင်းတိုက်ဟီးအောင် ရိုက်တီးနေကြ ဤဒေသသို့ တေဇတက်ဖြိုး လာဘ်တန်ခိုးဖြင့် ထက်မိုးဝဠာ သောင်းစင်္ကြာမှ
ဆောစွာခဏ လာရောက်တော်မူကြပါကုန်လော့။
ဥတ္တမံ = သုတ္တန် ၀ိနယ ပိဋကတ်ထက်
အဓိကကဲချွန် သာလွန်မြင့်မြတ်ပေထသော။
ဓမ္မံ = ဂမ္ဘီရ ဂမ္ဘီရာ အဘိဓမ္မာ ပဋ္ဌာန်းဒေသနာတော်ကို။
သုဏန္တု = သမ္ပစဉ်သတိ ကိုယ်စီရှိ၍ သမာဓိဂုဏ် စွဲမြဲထုံလျက် အာရုံတစ်ပါး စိတ်မသွားဘဲ ထောင်နားစိုက်တော်မူကြစေကုန်သတည်း။
(သာဓု--သာဓု--သာဓု)
#ရောင်ခြည်တော်ဘွဲ့ဘုရားပင့်ဂါထာများ
လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏
ရောင်ခြည်တော်ဖွင့် ဘုရားပင့်
နီလာနီလာ နိစ္ဆရန္တိ ပီတာပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတော ဒါတရံသိယော။
ပဋ္ဌာနံ = နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို ။
သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ။
နီလာ- ဆံတော်၊ မုတ်ဆိတ်တော် မျက်ဝန်းတော်
တစ်ခို စိမ်းညိုသော အရပ်ဌာနမှ။
နီလာ-ကြာညိုခွါညို ရတနာညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်းသော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ- နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံသြဖွယ်လျှင်အဆန်းတစ်ကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ပီတာစ- သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ- မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်ဝင်း ပပ၀င်းကုန်သော။
ရံသိယော-၀ါရောင်ဝင်းလျှပ်ရောင်ခြည်တော်
ဓာတ်တို့သည် ။
နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံသြဖွယ်လျှင်အဆန်းတစ်ကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
လောဟိတာ - အာတော် လျှာတော် နုတ်ခမ်းတော်နှင့် ခြေဖ၀ါးတော်လက်ဖ၀ါးတော်စသောကိုယ်တော်
အစိပ်စိပ်မှ ။
လောဟိတာ - ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော ။
အာဘာ- နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံသြဖွယ်လျှင်အဆန်းတစ်ကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
သြဒါတာ - စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော်ဓာတ်မှ ။
သြဒါတရံသိယော - စံပယ်ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ။
ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓာတ်တို့သည်၊ နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာန၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံသြဖွယ်လျှင်အဆန်းတစ်ကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရော ၊
ဧ၀ံ ဆဗ္ဗဏ္ဏရံသိယော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။
တမှာ တမှာ- အထက်ဆံဖျားတော်
တစ်လျှောက်မှ ၊ အောက်ခြေဖ၀ါးတော်တစ်ခို ထိုထိုကိုယ်တော်အစိတ်အစိတ်မှ။
မဉ္ဇိဋ္ဌာ စ - ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့
ထိန်ဝင်းညိုမှောင်းသောရောင်ခြည်တော်တို့သည်
လည်းကောင်း။
ပဘဿရာ စ - နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ။
ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော
ရောင်ခြည်တော်တို့သည်လည်းကောင်း။
ပဘာသန္တိ - နေအထောင် လအထောင်
ဗြဟ္မာနတ်အရောင် ရတနာန၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင်အဆန်းတကြယ်ကွန့်မြူး
တော်မူကြလေကုန်၏။
ဧ၀ံ - ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း ။
ဆဗ္ဗဏ္ဏရံသိယော - အညိုတစ်ဖြာ အ၀ါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမှောင်းတစ်ချက် ပြိုးပြက်ငွါးငွါး ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော ။
ဘဂ၀ါ - ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော ။
သော - ထို သုံးလောကညွန့်ဖူး
နိဗ္ဗာန်မှူး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည် ။
မေ - ပဋ္ဌာန်း ပစ္စည်း ဆက်သွယ်နည်းဖြင့်
ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ်
အကျွန်ုပ်၏ ။
သိရေ - ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ်၌ ။
ဌာတု - ပဋ္ဌာန်းဥာဏ်သွား ဈာန်ကစားလျှက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား...။

#တောင်မြို့မဟာဂန္ဓာရုံဆရာတော်
#အရှင်ဇနကာဘိဝံသ၏ပဋ္ဌာန်းရှိခိုး
နာနပ္ပကာရဋ္ဌာနာနိ ၊ ဗောဓိတာနေတ္တ မုနိနော။
အနန္တနယ ပဋ္ဌာနံ ၊ ၀န္ဒေ္ဒ အနန္တ္တ ဂေါစရံ။
ဧတ္ထ- ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌။
မုနိနာ- မုနိထွဋ်တင် ဘုရားရှင်သည် ။
နာနပ္ပကာရဋ္ဌာနာနိ- ဟေတု အာရမ္မဏ
စသည်များစွာ အကြောင်းအရာတို့ကို ။
ဗောဓိတာနိ - သဗ္ဗညုတာ ဥာဏ်တော်သာဖြင့် ဦးစွာကျနသိပြီးမှလျှင် များလှဝေနေ သိစေတော်မူခဲ့လေပြီ...။
အနန္တ္တ ဂေါစရံ -အဆုံးမရှိ ကုန်အောင်သိသည့် ဥာဏ်တော်၏သာ ကျက်စားရာဖြစ်တော်မူသော။
တံ အနန္တနယပဋ္ဌာနံ-မြားမြောင်ပေါရယ် နည်းစုံကြွယ်သား ကြီးကျယ်မြင့်မှော် ထိုပဋ္ဌာန်းကျမ်းတော်ကြီးကို ။
ဝန္ဒေ္ဒ -တစ်သက်တစ်ခါ ကြုံခဲစွာမို့ ကြုံလာသည့်ခိုက်
ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ ရှိခိုးကန်တော့ပါ၏ ဘုရား။
#ပဋ္ဌာန်းအမွှမ်းဂါထာများ
တိပိဋက ဆရာတော် ဦးဝိစိတ္တာဘိဝံသ၏ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန် တိုက်တွန်းနိုးဆော်ပန်ကြားလွှာ
ယံ သမ္မန္တဿ ဒိသာ သမ္မန္တတော၊
ဝိနိစ္ဆရေ သတ္ထုပဘာ သရီရတော ၊
နယမ္ဗုဓိံ ဥာဏသမုဒ္ဒဂေါစရံ ၊
သဒ္ဓါယ ပညာယ စ တံ ဘဏာမ ဟေ ။
ဘော - ပဋ္ဌာန်းဒေသနာ မြိုက်ရသာ၏
ခါတော်သမယ ဒုလ္လဘကို အရတော်ညောင်း အို...သူတော်ကောင်းတို့...။
ယံ ပဋ္ဌာနံ - အကြင်ပဋ္ဌာန်းတွင်ခေါ် တရားတော်ကြီးကို။
သမ္မသန္တဿ - န၀ရတ်ရောင်ရှိန် ရတနာဃရ နန်းရွှေအိမ်ဝယ် သိမ်မွှေ့သောဥာဏ် စက္ခုဖြင့် ။
ကြည့်ရှုဆုံးဖြတ် သုံးသပ်တော်မူပေထသော ။
သတ္ထု - သတ္ထာဒေ၀ မနုဿာနံ ဂုဏ်တော်သံတို့ မိုးယံဘ၀ဂ် လွှမ်းကျော်သက်သား သကျဇိနော် စိန္တေယျာ၏ ။
သရီရတော - ရွှေတောင်နှုန်းလျော်
မြတ်ကိုယ်တော်မှ ။
ပဘာ - ရောင်တော်ခြောက်သွယ်
ပန်းနွယ်ပန်းညွန့်တို့သည် ။
သမန္တတော ဒိသာ - ၀န်းကျင်နှံ့စပ် အရပ်ဒိသာ ဆယ်မျက်နှာတို့သို့ ။
ဝိနိစ္ဆရေ - စက္က၀ါနုတ်ခမ်း အထက်ဇဋာ
ပြည့်လျှမ်းအောင် အဆန်းတစ်ကြယ် ယှက်ကူး၍ ကွန့်မြူးထွက်ကြတော်မူကုန်၏ ။
နယမ္ဗုဓိံ - နယသာဂရ နာမချီးကျူး
အမည်ထူးလည်း ရှိပေထသော ။
ဥာဏသမုဒ္ဒဂေါစရံ - ဥာဏသာဂရ ဂုဏ်လျှံပသား သဗ္ဗညုတ ရွှေဥာဏ်တော်၏ ဂေါစရဂါမ်မှတ်သား ကျက်စားရာလည်း ဖြစ်ပေထသော။
တံ ပဋ္ဌာနံ - ထိုပဋ္ဌာန်းတွင်ခေါ်
အဘိဓမ္မာတရားတော်ကို ။
သဒ္ဓါယ စ - စက္က၀တ်ဖျား မင်းတရား၏။
ပတ္တမြားရတနာ ကဲ့ပမာလျှင် ၊ ရောင်ဝါရှိန်လျှပ် သဒ္ဓါဓာတ်ဖြင့်လည်းကောင်း ။
ပညာယ စ - ဓမ္မသတ္တိ ချက်တိုင်းထိအောင် အသိဖန်မျိုး ဥာဏ်ရည်မျိုးဖြင့်လည်းကောင်း။
ဘဏာမ - ပီပြင်ပြတ်သား ရွတ်ပွါးကြပါစို့....။
ဘဏာမ - အနန္တနယ သမန္တခေါ်မှန်း မြတ်ပဋ္ဌာန်းကို လန်းဆန်းစည်ဖြာ ၊ ကြည်သဒ္ဓါဖြင့် ပြည်အမတာဆုညွတ်ထားကြ၍ ဗောဓိဥာဏ် ရင့်သန်ထွားလောက်အောင် ရွတ်ပွါးသရဇ္ဈာယ်ကြပါကုန်စို့.........။
#နတ်ဗြဟ္မာများအားပြန်ပို့ရန်ဂါထာ+အနက်
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ ၊
သဗ္ဗေ ဒေ၀ါနုမောဒန္တု ၊ သဗ္ဗ သမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ၊
ဘာဝနာ ဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။
ဧတ္တာဝတာ စ - ဤမျှကြိုးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရသဖြင့်လည်း ။
အမှေဟိ - ပဋ္ဌာန်းတရား မကွယ်သွားအောင် ရွတ်ငြားပူဇာ သူငါနှစ်မြို့ အကျွန်ုပ်တို့သည် ။
သမ္ဘတံ - ယခုအေးမှု နှောင်ကျွေးပြု၍
တွေးရှုရည်စူး ဖြည့်ဆည်းပူးအပ်သော ။
ပုညသမ္ပဒံ - အပေါင်းစုမြုပ် ကောင်းမှုထုပ်၏ မယုတ်မယွင်း ပြည့်စုံခြင်းကို ။
သဗ္ဗေ - ရှိန်ဝါတောက်လင်းနောက်ပါသင်းနှင့်
ခပင်းဥဿုံ အလုံးစုံကုန်သော။
ဒေ၀ါ - စင်္ကြာဝဠာသောင်း တိုက်အပေါင်းမှ ရောက်ဆိုက်လာငြား နတ်ဗြဟ္မာအများတို့သည် ။
အနုမောဒန္တု - ကြည်လင်မနော ဘ၀င်ဇောနှင့် ရွှင်မောဝမ်းမြောက်ကြပါစေကုန်သတည်း ...။
သဗ္ဗ သမ္ပတ္တိ သိဒ္ဓိယာ - လူနတ်နိဗ္ဗာန် အကျိုးမှန်ကို မျိုးခံနှီးရင်း ပြီးစီးခြင်းငှါ ။
သဒ္ဓါယ - ကံကြောင့်အကျိုး မထောင့်ညှိုးဟု ဖြောင့်ရိုးစွဲကပ် အမြဲမှတ်သဖြင့် ။
ဒါနံ - နဲသည် များသည် ခြားမရည်ဘဲ
ရွှင်ကြည်မြတ်နိုး ဒါနမျိုးကို ။
ဒဒန္တု - သူတော်ရဟန်း ရည်ရော်မှန်း၍ လှူဒါန်းပူဇော်နိုင်ကြပါစေကုန်သတည်း...။
သီလံ - ပဉ္စအဋ္ဌ ဒသင်္ဂဟု ကိုယ်မှမချွတ်
ကျင့်ခါးဝတ်ကို ။
သဗ္ဗဒါ - နှစ်,လ,တွက်မှတ် ရက်မပြတ်အောင် ။
ရက္ခန္တု - မကျားမပြောက် မမှားမှောက်ရအောင် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း...။
ဘာဝနာဘရတာ - သမထ,၀ိပဿနာ လက်မကွာဘဲ ဆက်ကာနေ့ည မွေ့လျော်ကြကုန်သည်။
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း..။
အာဂတာ - အများညီညာ တရားနာဟု ထားကာခွဲစိတ်ခဲအကျိတ်နှင့် တွဲမိတ်စုဆုံလာ
ကြကုန်သော ။
ဒေ၀တာ - အကြောင်းဆက်ကာ သောင်းစင်္ကြာက ရောက်လာကြညောင်း နတ်ဗြဟ္မာအပေါင်းတို့သည်။
ဂစ္ဆန္တု - ပဋ္ဌာန်းရွတ်ပွဲ ပြီးကုန်စဲမို့
နေမြဲရပ်ဘုံ ပြန်ကြပါကုန်လော့....။
ဝမ်းမြောက်ကြောင်း
#အနုမောဒနာ ဂါထာ+အနက်
အဟော ပူဇံ ပရမပူဇံ ၊ သာသနေ သုပ္ပတိဋ္ဌိတံ ၊
တသ္မာ ကလျာဏ သင်္ကပ္ပါ ၊ အနုမောဒန္တု သာဓဝေါ ။
ဘောန္တော - အသံမစဲ ပဋ္ဌာန်းပွဲသို့ အားခဲ
ရောက်လာ များစွာစုပေါင်း အို...သူတော်ကောင်းတို့..။
ပူဇံ - ခက်ခဲမှုများ လွန်ကျော်လွှား၍ ထင်ရှာပေါ်လာ ဤပူဇော်ပွဲ မင်္ဂလာကြီးသည် ။
အဟော - များလှစုံလင် မြင်ကြားသူ သူတော်စင်တို့ ကြည်ရွှင်စွာစိတ်မြတ်ဇောဖြင့်အံ့သြချီးမွမ်း
ထိုက်လှပါပေစွတကား..။
ပရမပူဇံ - အာမိသပူဇာ မင်္ဂလာထက် မှန်စွာခေါ်ထုံး အမြတ်ဆုံးသော ဓမ္မပူဇာကြီးပါတကား....။
သာသနေ - သမ္မာသမ္ဗ္ဗုဒ္ဓ အတုလထွဋ်ခေါင် တမွတ်ရှောင် ဥက္ကဌ် စောနေနတ်မြတ်ဘုရား၏ တောက်ကြွားလျှံဖြာ သာသနာတော်မြတ်ကြီး၌ ။
သုပ္ပတိဌိတံ - (............) မြို့ / ရွာ ရဟန်းရှင်လူ အများပြည်သူတို့ကပဋ္ဌာန်းပူဇော်ပွဲ ပြုလုပ်ခြင်းတည်းဟူသော ကုသိုလ်မျိုးကို စိုက်ပျိုးတည်ထောင်အပ်လေပြီတကား....။
ကလျာဏ သင်္ကပ္ပါ - တင့်တယ်လျောက်ပတ် လွန်ကောင်းမြတ်သည့် တလျှပ်လျှပ်ထန်လျှံ စိတ်အကြံအစည် အလီလီ အ၀၀ ကိုယ်စီကိုယ်ငှ ရှိကြစေကုန်သော ။
သာဓဝေါ - ပဋ္ဌာန်းပွဲသို့ အားခဲရောက်လာ
များစွာစုပေါင်း သူတော်ကောင်းတို့သည် ။
ပူဇံ - အလှူတွင်ထိပ်ခေါင် တူမယှဉ် နိမိတ်ဆောင်သည့် အရိပ်အရောင်ထူးကဲ ဤ ပဋ္ဌာန်းပူဇော်ပွဲကြီးကို ။
အနုမောဒန္တု - အဖန်ဖန် ၀မ်းမြောက်ကြပါစေကုန်သတည်း...။
အနုမောဒန္တု - သဘောကျကြည်လင် သောမနမှီယှဉ် ဇောဟဒယ မနသီအစဉ်ဖြင့် တရွှင်ရွှင် တဖိမ့်ဖိမ့် နှစ်သိမ့်လျှံစွာ " သာဓုသံ " သုံးကြိမ်ဖြာလျှက် ဤကမ္ဘာမြေ တုန်ဟီးလောက်အောင် ညီညာစွာ သံစုံတီးလို့မို့ ၀မ်းအမြောက်ကြီးဝမ်းမြောက်ကြပါစေကုန်သတည်း။
Credit-ကိုမိုးကောင်းကင် Heaven OT
အရှင်ကေသရ ပဲနွယ်ကုန်း
23/2/2018(သောကြာနေ့)
အနည်းငယ်တည်းဖြတ်ထားပါသည်။

Post a Comment

0 Comments