Advertisement

Responsive Advertisement

သဘာဝဓမ္မကထိကနှင့် ဗာလ ဓမ္မကထိက


ဓမ္မကထိက လေးမျိုးရှိသည်။
 အနည်းငယ်မျှသာ ဟောကြားသည်။ အကျိုးစီးပွားမဲ့ကိုသာ ဟောကြားသည်။ ပရိသတ်အား အကောင်းအဆိုးနှင့် အကြောင်းအကျိုးကို ခွဲခြားမပြခဲ့။ ဤသို့သော ဓမ္မကထိကမျိုးမှာလည်း သူ့ရိသတ်နှင့်သူ ရှိတတ်သည်။

ဒုတိယ တစ်မျိုးကား အနည်းငယ်မျှသာ ဟောကြားသည်။ အကျိုးစီးပွားတိုးပွားရေးကိုသာ ဦးတည်သည်။ ပရိသတ်အား အကောင်းအဆိုးနှင့် အကြောင်းအကျိုးကိုလည်း ခွဲခြားပြတတ်သည်။



တတိယ တစ်မျိုးကား များစွာလည်းဟောကြားသည်။ အကျိုးစီးပွားမဲ့ကိုသာ ဟောကြားသည်။ ပရိသတ်အား အကောင်းအဆိုးနှင့် အကြောင်းအကျိုးကိုလည်း ခွဲခြားမပြခဲ့။ ဤသို့သော ဓမ္မကထိကမျိုးမှာလည်း သူ့ပရိသတ်နှင့်သူ ရှိတတ်သည်။

 နောက်ဆုံးတစ်မျိုးကား များစွာလည်းဟောကြားသည်။ အကျိုးစီးပွားတိုးပွားရေးကိုသာ ဦးတည်သည်။ ပရိသတ်အား အကောင်းအဆိုးနှင့် အကြောင်းအကျိုးကိုလည်း ခွဲခြားပြတတ်သည်။ ဤသို့သော ဓမ္မကထိကမျိုးမှာလည်း သူ့ပရိတ်သတ်နှင့်သူ ရှိတတ်သည်။

 **************
ဤလေးမျိုးတွင် ပထမဦးဆုံး ဓမ္မကထိကကို တရားတို၍ စကားချိုသော်လည်း ဘုရားအလို အကျိုးမရှိသောတရားဖြစ်သောကြောင့် ပရိသတ်အရှုံးထွက်သော ဓမ္မကထိက ဟု ခေါ်ဆို၏။ နည်းငယ်ဟောဘိ၊ ကျိုးမရှိ၊ ပရိသတ်ရှုံးလေ၏။ အကျိုးမရ၊ ကထိက၊ ဗာလ ခေါ်ဆို၏။ ဤသို့သော ဓမ္မကထိကမျိုးကား သာယာနာပျော်ဖွယ်ရှိရုံမှတစ်ပါး မှားမှန်ကောင်းကျိုး ကြောင်းကျိုးတို့ကို ခွဲခြမ်းစိတ်ဖြာနိုင်သော အသိဥာဏ်မပေးနိုင်သောကြောင့် ဗာလ ဓမ္မကထိကဟု ခေါ်ဆို၏။ ၎င်း၏ ပရိသတ်ကိုလည်း ဗာလဟု ခေါ်ဆို၏။
အယံ ဧ၀ံဇာတိကော ဗာလဓမ္မကထိကော ဧ၀ံဇာတိကာယ ဗာလပရိသာယ ဓမ္မကထိကောတွေဝ နာမံ လဘတိ။ (အံ၊ ဋီ၊ ၂၊၃၃၆) 

ဒုတိယ ဓမ္မကထိကကား အနည်းငယ်ပင် ဟောကြားသော်လည်း ပရိသတ် အသိအလိမ္မာတိုး၍ အကျိုးအမြတ်ရသောကြောင့် နာရကျိုးနပ်သော ဓမ္မကထိကဟု ခေါ်ဆို၏။ နည်းငယ်ဟောဘိ၊ အကျိုးရှိ၊ ပရိသတ်မြတ်လေ၏။ အကျိုးပြည့်ဝ၊ ကထိက၊ သဘာဝ ခေါ်ဆို၏။ ဤသို့သော ဓမ္မကထိကမျိုးကြောင့် ပရိသတ်မှာ မှားမှန်ကောင်းဆိုး ကြောင်းကျိုးတို့ကို ခွဲခြားစိတ်ဖြာနိုင်သော အသိတရားတိုးသောကြောင့် သဘာဝ ဓမ္မကထိကဟု ခေါ်ဆို၏။ ၎င်း၏ ပရိသတ်ကိုလည်း သဘာဝပရိသတ်ဟု ခေါ်ဆို၏။
ဧတ္တ စ ဒွေယေ၀ ဇနာ သဘာဝဓမ္မကထိကာ၊ န ဣတရေ။ (အံ၊ ဋီ၊ ၂၊ ၃၃၆ တတိယ ဓမ္မကထိကသည်လည်း ဗာလဓမ္မကထိကပင် ဖြစ်သည်။
တရားရှည်သလောက် အကျိုးမများ၍ ပရိသတ်အရှုံးထွက်သောကြောင့် ဖြစ်၏။ ၎င်း၏ ပရိသတ်ကိုလည်း ဗာလပရိသတ်ဟု ခေါ်ဆိုထိုက်၏။ များစွာဟောဘိ၊ ကျိုးမရှိ၊ ပရိသတ် ရှုံးလေ၏။ အကျိုးမရ၊ ကထိက၊ဗာလ ခေါ်ဆို၏။ စတုထ္ထ ဓမ္မကထိကကား များစွာလည်းဟောသည်။ အကျိုးလည်းရှိသည်။ နာရကျိုးလည်း နပ်သည်ဖြစ်သောကြောင့် သဘာဝဓမ္မကထိကပင် ဖြစ်၏။ သဘာဝပရိသတ်ဟုပင် ခေါ်ဆိုထိုက်၏။ များစွာဟောဘိ၊ အကျိုးရှိ၊ ပရိသတ်မြတ်လေ၏။ အကျိုးပြည့်ဝ၊ ကထိက၊ သဘာဝ ခေါ်ဆို၏။ ဤနေရာ၌ အပ္ပဉ္စ ဘာသတိ အသဟိတဉ္စ ပရိသာ စဿ န ကုသလာ ဟောတိ သဟိတာ သဟိတဿ စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဓမ္မကထိကသုတ္တံ(အံ၊ ၁၊ ၄၅၅)လာ ဓမ္မကထိက ပုဂ္ဂိုလ်လေးမျိုးတွင် သဟိတ - အကျိုးရှိသော၊ အသဟိတ - အကျိုးမရှိသော တရားဟူသည် အဘယ်နည်း။ ဘုရားအလိုကျ သိရှိဖို့လိုအပ်လာ၏။ အကျိုးရှိသော တရားဆိုသည်မှာ အကျိုးစီးပွားနှင့် ဆက်စပ်သော၊ အချိန်ကာလနှင့် လျော်ညီသော တရားကို ဆိုလေသည်။ အသဟိတဉ္စာတိ ကထေန္တော စ ပန န အတ္ထယုတ္တံ ကာလယုတ္တံ ကထေတိ။ (အံ၊ ဋီ၊ ၂၊ ၃၃၆) 
“သဟိတ - ပရိသတ်အကျိုးမြတ်ရ၏။ အသဟိတ - ပရိသတ်အကျိုးမြတ် မရ၏”
ဟူသည်မှာလည်း ပရိသတ်နာယူလိုက်ရသော တရားကိုအကြောင်းပြု၍ ယုတ္တိရှိသည် မရှိသည်၊ အကျိုးအကြောင်း ဆီလျော်သည် မဆီလျော်သည်၊ အကြောင်းရှိ၍ ဟောသည်၊ အကြာင်းမဲ့ဟောသည်၊ ပြေပြစ်မှုရှိသည်၊ မရှိသည်ကို ခွဲခြမ်းစိတ်ဖြာ၍ ဝေဖန်ပိုင်းခြားနိုင်လျှင် ပရိသတ်အကျိုးရှိ၏။
ထိုသို့ မဟုတ်လျှင် အကျိုးမရှိဟု ဆိုလိုပေသည်။ ပရိသာ စဿ န ကုသလာ ဟောတီတိ သောတုံ နိသိန္နပရိသာ စဿ ယုတ္တာယုတ္တံ ကာရဏာကာရဏံ သိလိဋ္ဌံ န ဇာနာတီတိ အတ္တော။ (အံ၊ ဋီ၊ ၂၊ ၃၃၆)
ဆိုလိုသည်မှာ မသိသေးသည်များ သိရှိရခြင်း၊ မကြားဖူးသေးသည်များ ကြားသိရခြင်း၊ မမြင်ဖူး မကြုံဖူး မတွေ့ဖူးသေးသော အတွေးအမြင်များ စိတ်ကူးစိတ်သန်း ( အိုင်ဒီယာ) အသစ်များ ရရှိခြင်းဟူသည့် အကျိုးစီးပွားလောက်တော့ အနည်းဆုံး ရရှိရမည်ဟူလို။ ဤသို့ ဗဟုသုတ အဆင့်မှသည် ကုသိုလ်တိုးပွားရာ တိုးပွားကြောင်း၊ စိတ်ထားဖြူစင်ရာ ဖြူစင်ကြောင်း၊ သဘောထားပြည့်ဝရာ ပြည့်ဝကြောင်း၊ ဘေးကင်းရာ ဘေးကင်းကြောင်း စသည့် အကျိုးအမြတ်အပြင် သဂ္ဂကထာ- နတ်ပြည်ရောက်ကြောင်း၊ မဂ္ဂကထာ-မဂ်ဖိုလ်ရကြောင်းအထိ အားထုတ်နိုင် မျက်မှောက်ပြုနိုင်ခြင်း အကျိုးတရားများအထိ ပါဝင်လေသည်။ ဤကား အတ္ထယုတ္တ- အကျိုးစီးပွားနှင့် ဆက်စပ်သော တရားအမျိုးအစားတည်း။ ကာလယုတ္တ- အချိန်ကာလနှင့် ဆက်စပ်သော တရားဟူသည်မှာ အချိန်ကာလနှင့် ကိုက်ညီသော ကာလပေါ်တရားမျိုး၊ ခေတ်ကာလ အခြေအနေအရ လိုအပ်သော တရားမျိုးကို ဆိုပေသည်။ ဥပမာ- ရွှေတိဂုံဘုရား ဠင်းတနားခြင်းနှင့် ပတ်သက်၍ နက္ခတ္တဇာတ်တော်လာ ဘုရားအလိုကျ ဟောရလျှင် ဠင်းတလည်းငှက် ဟင်္သာလည်းငှက်ပင် ဖြစ်၏။ ထို့ကြောင့် ပြည်သူများ ဘာမျှစိုးရိမ်စရာမလို ဟူသော တရားမျိုး။ အင်းစိန်က သန်းစိန် ဆယ်တန်ကျောင်းသူဘ၀ ရောက်ရှိသွားခြင်းသည် ဗုဒ္ဓအဘိဓမ္မာအရ တရားသဘောနှင့် ညီညွတ်ခြင်း၊ ဓမ္မပဒ သောရေယျဝတ္ထုလာ သောရေယျသူဌေးသား သာဓကရှိခြင်း စသော တရားမျိုးပင်ဖြစ်၏။ ထို့အပြင် ခေတ်အခြေအနေအရ အမျိုးသားရေးတရားတော်များ ဟောကြားခြင်းသည် မြတ်ဗုဒ္ဓ၏ ဥာတတ္ထစရိယလမ်းစဉ်ပင် ဖြစ်ကြောင်း၊ ဘုရားလောင်းတို့ မဖြစ်မနေ ဖြည့်ကျင့်ရသည့် ကျင့်စဉ်ပင်ဖြစ်ကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဆွေတော်မျိုးတော် သာကီဝင် တစ်မျိုးသားလုံး၏ ဘေးရန်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်သောအားဖြင့် အမျိုးသားရေးကို ကရုဏာတော်ရှေ့ထား၍ ဆောင်ရွက်တော်မူခဲ့ကြောင်း သာဓကများစွာသည် ကာလယုတ္တ- အချိန်ကာလနှင့် ဆီလျော်သော တရားမျိုးပင်ဖြစ်သည်။ နောင်တော်ကြီး အရှင်ပညာဝရသည် ပထမတွင် ၀ိပဿနာဓမ္မကထိကဖြစ်ခဲ့၏။ နည်းငယ်ဟောဘိ အကျိုးရှိ ပရိသတ်မြတ်သော ဓမ္မကထိကဖြစ်ခဲ့၏။ များစွာဟောဘိ အကျိုးရှိ ပရိသတ်မြတ်သော ဓမ္မကထိက ဖြစ်ခဲ့၏။ ယခုအခါ အမျိုးသား ၀ံသာနု ဓမ္မကထိက အမည်တွင်ပြန်၏။ ၀ိပဿနာဟောစဉ်က အတ္တယုတ္တ ဓမ္မကထိက၊ အမျိုးသားရေးဟောသည့်အခါ ကာလယုတ္တ ဓမ္မကထိက ဖြစ်လေ၏။ နှစ်မျိုးလုံးပင် သဘာဝဓမ္မကထိက ပုဂ္ဂိုလ်၌အကျုံးဝင်၏။ ဘုရားဟောနှင့်ညီ၏။ ထို့ကြောင့် တိုင်းသားပြည်သူများအတွက် လောကီရေး၊ လောကုတ္တရာရေး နှစ်မျိုးလုံးမှာ အားကိုးရသော ဆရာတော်ဖြစ်လေသည်။ ကျေးဇူးကြီးလေ၏။ တစ်သက်လုံး ၀ိပဿနာတရား ဟောကြားခဲ့သော ဓမ္မကထိကသည် ယခုအခါ အမျိုးသားရေး တရားများဟောလာသည်ကို တွေ့ရ၏။သူများဟော၍ လိုက်ဟောရသည့် ပုံစံမျိုးကားမဟုတ်။ခေတ်မီအောင် လိုက်ဟောခြင်းမျိုးလည်းမဟုတ်။ယုံကြည်ချက်၊ခံယူချက်၊ရည်မှန်းချက်တို့ဖြင့်အားမာန်အပြည့်အ၀ဖြင့် ဟောကြားနေခြင်းဖြစ်၏။ ဓမ္မကထိကတစ်ပါးဖြစ်ပါလျက် နိဗ္ဗာန်ရောက်ကြောင်းဟောရာ ဓမ္မာသနပလ္လင်ပေါ်မှာပင် အခြားဓမ္မကထိကမကောင်းကြောင်း၊ သံဃာမကောင်းကြောင်း ဟောပြောနေသည့် တက်ထောင်မောင်းနင်း ၀ိပဿနာဓမ္မကထိကဆိုသူများနှင့် လွန်စွာကွာလေသည်။ အဆိုပါ ၀ိပဿနာဓမ္မကထိကများသည် ကားလည်းပြင်၏။ကားလည်းမောင်း၏။ညစာ ဆွမ်းပွဲလည်းတည်တော်မူ၏။သံဃာ့ရှေ့မှောက်ရောက်လျှင် မခုတ်တတ်သည့်ကြောင်ပမာ ကြောင်ရှေ့ကြွက်လိုပင် ရိုကျိုးဝပ်တွားတတ်၏။ပလ္လင်ပေါ်ရောက်လျှင်ကား ခံစားချက်များလည်းမထိန်းနိုင်၊ဘ၀င်ကလည်းကိုင်နေ၍ သူရဲကောင်းကြီးပမာ သံဃာအချင်ချင်းပင် စော်ကားပြလိုက်ပေသေး၏။ဤသို့သော ဓမ္မကထိကသည် ဗာလဓမ္မကထိကပင်ဖြစ်လေသည်။ နိုင်ငံရေး ဓမ္မကထိကများလည်း ရှိပေသေးသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးဆိုင်းဘုတ်ကြီးများ တပ်ကြသည်။ ဟောသည့်အခါ သံဃာချင်း စိတ်ဝမ်းကွဲစရာများနှင့် အစိုးရမကောင်းကြောင်းသာပါသည်။ သူကိုယ်တိုင်၏ သာသနာရေးလုပ်ဆောင်ချက်ကား မရှိ။တရားပွဲများမှ ရရှိသော ငွေများကို ကွမ်းဝါးပစ်၏။ မီးရှို့၍အခိုးထုတ်ပစ်၏။တစ်လုံး နှစ်လုံး သုံးလုံး ကိန်းဂဏန်းလေးများ အလဲအလှယ်လုပ်၏။ဒိုင်ခံသည့်အခါ ခံလိုက်သေး၏။(ကိုယ့်ကျောင်း၌ တံမျက်စည်းတစ်ချက် မခတ်ဖူးဘဲ လူကြားထဲထွက် အမှိုက်ကောက်ကာ နိုင်ငံရေးစတန့်ထွင်ပြလိုက်သေး၏) ဓမ္မာသနပလ္လင်ပေါ်မှာ တောက်ခေါက်လိုကခေါက် လက်ဖျစ်တီးလိုကတီး၊ နပန်းသတ်ဖို့ စိန်ခေါ်လိုကခေါ်၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ လည်း ရစရာမရှိ။ နည်းငယ်ဟောဘိ ကျိုးမရှိ ပရိသတ်ရှုံးလေသော၊များစွာဟောဘိ ကျိုးမရှိ ပရိသတ်ရှုံးလေသော ဗာလဓမ္မကထိက ပုဂ္ဂိုလ်များတည်း။ ဤသို့ အချင်းချင်း သွေးခွဲရန်တိုက်ပေးသည်ကိုပင် သူရဲကောင်းအသွင် ကြည်ညိုနေသော ပရိသတ်များလည်း ရှိသေး၏။ ဗာလ ပရိသတ်သာတည်း။ ဗုဒ္ဓဘုရား ပွင့်တော်မူလာသည်မှာ ၀ိပဿနာဟောကြားရေးသာဖြစ်၏။ သို့သော် ဗုဒ္ဓမြတ်စွာသည် ၀ိဿနာတစ်ခုတည်းကိုသာ အမြဲတမ်းဟောကြားခဲ့သည်မဟုတ်။ဒေသ ကာလ အဇ္ဈာသယနှင့် ထိုက်တန်သော ဇာတ်ဝတ္ထု သုတ္တန်များလည်း ဟောကြားတော်မူခဲ့၏။ ပိဋကသုံးပုံ၊နိကာယ်ငါးရပ်၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်တို့ကို လေ့လာသုံးသပ်ကြည့်လျှင် လောကရေး ဓမ္မရေးစုံလင်သည်ကို တွေ့ရ၏။ လောကမှ ထွက်မြောက်ရာ လောကုတ္တရာတစ်ခုတည်းကိုသာ ဟောကြားခဲ့သည်မဟုတ်ပေ။နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊အုပ်ချုပ်ရေး၊နိုင်ငံတကာရေး၊လူမှုရေး၊အိမ်ထောင်ရေး၊ပညာရေး၊ကျန်းမာရေး များစွာစုံလင်သည်သာဖြစ်၏။ ထိုတွင် အမျိုးသားရေးတရားတော်များလည်း အများအပြား ပါဝင်လေ၏။ ထို့ကြောင့် ဗုဒ္ဓသာဝကမည်သည် အရှင်ပညာဝရတို့ကဲ့သို့ပင် ဓမ္မရေးရာ၊လောကရေးရာများကို စုံလင်စွာဟောကြားရမည် ဖြစ်ပေသည်။ အနှစ်ရောအကာပါ ဟောကြားရမည်ဖြစ်လေသည်။ အနှစ်ကားဓမ္မ၊အကာကားလောကတည်း။ လောကလူသားများသည် အကာနှင့် ကင်းနိုင်သူမဟုတ်သလို အကာနှင့် ကင်းကောင်းသည်လည်းမဟုတ်။ကြက်ဥခွံသာမရှိလျှင် ကြက်ဥအသားနှင့် ကြက်ဥအနှစ်ပင် ရှိတော့မည်မဟုတ်။ ထို့ကြောင့် ဓမ္မကိုစောင့်ရှောက်ဖို့ အကာ(လောကီ)တရားလိုအပ်၏။ အကာ(လောကီ)ကို ကာကွယ်ဖို့ အမျိုးသားရေးတရားလိုအပ်၏။ လောကလူသားအားလုံး အနှစ်ရော အကာကိုပါ ကာကွယ်စောင့်ရှောက်နိုင်ကြပါစေသတည်း။ ၀ီရသူ (မစိုးရမ်) (၁၃၇၈ ခု ကဆုန်လ၊ ၂၀၁၆ ခု မေလ၊ ထုတ်ဝေသည့် ဓမ္မဒူတ အရှင်ပညာဝရ သက်တော်ငါးဆယ်ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ် မော်ကွန်းစာစောင်တွင် ရေးသားမှုကို ကူးယူဖော်ပြသည်..

Post a Comment

0 Comments