Advertisement

Responsive Advertisement

မဂ်လေးပါးဖြင့် ပယ်သတ်သော တရားများ


မဂ်လေးပါးဖြင့် ပယ်သတ်သော တရားများ
***********************************

၁။ သံယောဇဉ် ( ၁၀ )ပါး
၂။ ကိလေသာ ( ၁၀ )ပါး
၃။ မိစ္ဆတ္တတရား ( ၈ )ပါး ( ၁၀ )ပါး
၎။ လောကဓံတရား ( ၈ )ပါး
၅။ မစ္ဆရိယ ( ၅ )မျိုး
၆။ ဝိပလ္လာသ မူလ ( ၄ )ပါး၊ မူလီ ( ၁၂ )ပါး
၇။ အဂတိတရား ( ၄ )ပါး
၈။ ဥပါဒါန်တရား ( ၄ )ပါး -တို့ စုစည်းတင်ပြထားပါတယ်

၁ ။ သံယောဇဉ် ( ၁၀ ) ပါး
*********************
သံယောဇဉ်ဆိုသည်မှာ---


သံသာရဝဋ္ဋေ သတ္တေ သံယောဇေန္တိ ဗန္ဓန္တီတိ သံယောဇနာ-
မျက်မှောက် တမလွန် ခန္ဓာဝန်ကိုလည်းကောင်း အကျိုးနှင့်
အကြောင်းကိုလည်းကောင်း ၊ဆင်းရဲအပေါင်း၌ ဝဋ်တွင်းသား
သတ္တဝါ တို့ကိုလည်းကောင်း ယှဉ်စေတတ် နှောင်ဖွဲ့တတ်
သောကြောင့် သံယောဇဉ်ဟု ဆိုရလေသည်။

ထိုသံယောဇဉ်သည်---
၁။ကာမရာဂ။ ၂။ရူပရာဂ။ ၃။အရူပရာဂ။ ၄။ပဋိဃ။ ၅။မာန
၆။ဒိဋ္ဌိ။ ၇။သီလဗ္ဗတပရာမာသ။ ၈။ဝိစိကိစ္ဆာ။ ၉။ဥဒစ္စ။ ၁၀။အဝိဇ္ဇာ
ဟု ( ၁၀ )ပါးရှိသည်။

သောတာပတ္တိမဂ်သည်-----
သက္ကာယဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။သီလဗ္ဗတပရာမာသ ။အပါယ်သို့
လားစေတတ်သော ကာမရာဂ ၊ဗျာပါဒ ။သံယောဇဉ် -
တို့ကိုပယ်သတ်၏။

သကဒါဂါမိမဂ်သည်----
ရုန့်ရင်းသော - ကာမရာဂ ၊ဗျာပါဒ ။သံယောဇဉ် - တို့ကို ခေါင်း
ပါးရုံ(အောင်)ပယ်သတ်၏။

အနာဂါမိမဂ်သည်----
အောက် ကာမဘုံ ၌ ဖြစ်ထိုက်သော (အဓောဘာဂိယ)
(သြရမ္ဘာဂိယ)သံယောဇဉ် - ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။သီလဗ္ဗတပရာမာသ။
ကာမရာဂ ။ဗျာပါဒ ။သံယောဇဉ် -တို့ကို ပယ်သတ်၏ ။

အရဟတ္တမဂ်သည်
အထက် ရူပဘုံ အရူပဘုံ တို့၌ ဖြစ်ထိုက်သော (ဥဒ္ဓံဘာဂိယ)
သံယောဇဉ် - ရူပရာဂ ။အရူပရာဂ ။မာန ။ဥဒ္ဓစ္စ ။အဝိဇ္ဇာ ။သံ
ယောဇဉ်-တို့ကို ပယ်သတ်၏။

၂ ။ ကိလေသာ ( ၁၀ ) ပါး
*********************

ကိလေသာဆိုသည်မှာ----
စိတ္တံ ကိလိဿတိ ဥပတပ္ပတိ ဗာဓီယတိ ဝါ ဧတေဟီတိ
ကိလေသာ ။
သတ္တဝါတို့၏စိတ်ကို ညစ်နွမ်းစေတတ် ပူပန်စေတတ် နှိပ်စက်
တတ်သောကြောင့် ကိလေသာ ဟူ၍ဆိုသည်။

ထိုကိလေသာသည်----
လောဘ ။မောဟ ။ဒေါသ ။မာန ။ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။ထိန ။
ဥဒ္ဓစ္စ ။အဟိရိက ။အနောတ္တပ္ပ ။ဟု (၁၀) ပါးရှိသည်။

သောတာပတ္တိမဂ်သည်----
ဒိဋ္ဌိ ။ဝိစိကိစ္ဆာ ။ကိလေသာနှစ်ပါးကို ပယ်၏။

သကဒါဂါမိမဂ်သည်လည်း ဤကိလေသာနှစ်ပါးတို့ကိုပင်
ပယ်၏။

အနာဂါမိမဂ်သည်----
ဒေါသ ။ကိလေသာ ကိုပယ်၏။

အရဟတ္တမဂ်သည်----
လောဘ ။မောဟ ။မာန ။ထိန ။ဥဒ္ဓစ္စ ။အဟိရိက ။
အနောတ္တပ္ပ ။ကိလေသာများ ကိုပယ်၏။

၃ ။ မိစ္ဆတ္တတရား(၈)ပါး(၁၀)ပါး
**************************

မိစ္ဆတ္တ-ဆိုသည်မှာ မှားယွင်းချွတ်ချော် သည့် နှလုံးသွင်းမှု့
အသိအမြင်မှားမှု့ကိုဆိုလိုသည်။ဆိုလိုရင်းမှာ---
ဘုရားဟော ပါဠိတော်နှင့် တလွဲတချော် ထော်လော်ကန့်လန့်
(အတ္တနောမတိ)မိမိထင်မြင်ရာ ကြဲ၍ ပြုလုပ်ကြသောသဘော
တရားတို့ပင်ဖြစ်သည်။

ထိုမိစ္ဆတ္တတရားသည်----
မိစ္ဆာဒိဋ္ဌိ ။မိစ္ဆာသင်္ကပ္ပ ။မိစ္ဆာဝါစာ ။မိစ္ဆာကမ္မန္တ ။မိစ္ဆာအာဇီဝ ။
မိစ္ဆာဝါယာမ ။မိစ္ဆာသတိ ။မိစ္ဆာသမာဓိ ။ဟူ၍ ရှစ်ပါးရှိသည်။
မိစ္ဆာဝိမုတ္တိ နှင့် မိစ္ဆာဉာဏ နှစ်ပါးကို ထည့်လျှင် ဆယ်ပါးဖြစ်
သည်။ မိစ္ဆာဝါစာကို မုသာဝါဒ ။ပိသုဏဝါစာ ။ဖရုသဝါစာ ။
သမ္ဖပ္ပလာပဝါစာ ။ဟုလေးမျိုးခွဲယူလျှင် ဆယ့်သုံးပါးဖြစ်၏။

သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်-----
မိစ္ဆာဒိဋ္ဌိ ။မိစ္ဆာကမ္မန္တ ။မိစ္ဆာအာဇီဝ ။မုသာဝါဒ ။ဤလေးပါးကို
ပယ်သည်။

အနာဂါမိမဂ်သည်---
မိစ္ဆာသင်္ကပ္ပ ။ပိသုဏဝါစာ ။ဖရုသဝါစာ ။ဤသုံးပါးကိုပယ်၏။

အရဟတ္တမဂ်သည်----
သမ္ဖပ္ပလာပ ။မိစ္ဆာဝါယာမ ။မိစ္ဆာသတိ ။မိစ္ဆာသမာဓိ ။
မိစ္ဆာဝိမုတ္တိ ။မိစ္ဆာဉာဏ ။ဤခြောက်ပါးကိုပယ်သည် ။

ဤ၌ - စေတနာ ယေဝ စေတ္တ ဝါစာတိ ဝေဒိတဗ္ဗာ
ဟုဆိုသောကြောင့် ဝါစာကို စကားဟုယူလျှင် အသံဝစီဝိဉ တ်
ဖြစ်၍ ရုပ်ဖြစ်နေသည်။ထို့ကြောင့် ရုပ်၏အဖြစ်ကိုနစ်စေခြင်း
ငှာ ကြဉ်ရှောင်သော စေတနာကိုသာ ဝါစာ ဟုယူရမည်။

၎ ။ လောကဓံတရား ( ၈ )ပါး
***********************

လောကဓံဆိုသည်မှာ---
လောကသားတို့တွေ့ရသော တရားဟုဆိုလိုသည်။
ခန္ဓာဟူသော လောက၏ဖြစ်ခြင်းရှိသည်ဖြစ်သော် ကောင်းမှု့
မကောင်းမှု့၏အစွမ်းကြောင့် ကောင်းကျိုးမကောင်းကျိုးစ
သည်တို့သည် အခါအခွင့်အားလျော်စွာ မလွဲမရှောင်သာ
ဖြစ်ပေါ်လာရသည်။သာမန် ပုထုဇဉ် ပုဂ္ဂိုလ်မဆိုထားနှင့်
ဘုရား ရဟန္တာ များသော်မှ မလွတ်ကင်းနှိုင်ပဲ တွေ့ကြုံရ
သော သဘောတရားများကို လောကဓံဟု ဆိုလေသည်။

ယင်းလောကဓံသည်----
လာဘော ။အလာဘော ။ယသော ။အယသော ။နိန္ဒာ ။
ပသံသာ ။သုခံ ။ဒုက္ခံ ။ဟူ၍ ရှစ်ပါးရှိသည် ။

သောတာပန်ပုဂ္ဂိုလ်နှင့်သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်
မည်သည့် လောကဓံတရားကိုမျှ ပယ်သတ်နှိုင်ခြင်းမရှိပေ။
သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်များထက် များစွာသာလွန်၍
လောကဓံကို ခံနှိုင်ရည်ရှိကြသည်။

အနာဂါမ်ပုဂ္ဂိုလ်သည်----
အလာဘော ။အယသော ။နိန္ဒာ ။ဒုက္ခံ ။ ဟုဆိုအပ်သော
အဆိုးလောကဓံ တရားလေးပါးကြောင့်ဖြစ်သည့် ဒေါသ
လေးပါးတို့ကို ပယ်သည်။

ရဟန္တာပုဂ္ဂိုလ်သည်----
လာဘော ။ယသော ။ပသံသာ ။သုခံ ။ဟုဆိုအပ်သော
အကောင်းလောကဓံ လေးပါးကြောင့်ဖြစ်သော လောဘ
လေးပါး တို့ကိုပယ်သည်။

၅ ။ မစ္ဆရိယငါးမျိုး
****************

မစ္ဆရိယဆိုသည်မှာ---
ကျောင်း ၊အိမ် စသော ငါးမျိုးတို့၌ သူတစ်ပါးတို့နှင့်ဆက်ဆံ
သည်၏အဖြစ်ကို မနာလိုဝန်တို သည်းမခံနှိုင်သောသဘော
ဆိုး ငါးမျိုးဖြစ်သည်။

ထို မစ္ဆရိယတရားတို့သည်---
အာဝါသမစ္ဆရိယ ။ကုလမစ္ဆရိယ ။လာဘမစ္ဆရိယ ။ဓမ္မမစ္ဆရိယ။
ဝဏ္ဏမစ္ဆရိယ ။ဟူ၍ ငါး မျိုးရှိသည် ။

ထိုမစ္ဆရိယ ငါးပါးစလုံးကို သောတာပတ္တိမဂ်ကပင် အကြွင်း
အကျန်မရှိ ပယ်သတ်လိုက်နှိုင်သဖြင့် အထက်မဂ်များမှပယ်
သတ်စရာ မရှိပါ။

၆ ။ ဝိပလ္လာသ မူလ လေးပါး ၊မူလီ ၁၂-ပါး
**********************************

ဝိပလ္လာသဆိုသည်မှာ----
အရှေ့ကိုအနောက် အနောက်ကိုအရှေ့ အောက်ကိုအထက်
အထက်ကိုအောက် အကောင်းကိုအဆိုး အဆိုးကိုအကောင်း
အမှန်ကိုအမှား အမှားကိုအမှန် ဆိုသလို ပြောင်းပြန်လန်
အောင် မှားယွင်းသော အမှတ်မှား အသိမှား အယူမှားသော
တရား မျိုးကို ဆိုလိုသည် ။မှားပုံမှာကား ----
အနိစ္စ ကို နိစ္စ ။ဒုက္ခ္ခ ကို သုခ ။အနတ္တ ကို အတ္တ ။အသုဘ ကို
သုဘ ။ဟု ပြောင်းပြန်လန်အောင် လွဲမှားခြင်းတည်း ။

ယင်း ဝိပလ္လာသ တရားသည်----
မူလအားဖြင့် (အနိစ္စ ဒုက္ခ အနတ္တ အသုဘ)ဟု လေးပါးရှိရာ
တွင် တစ်ပါးတစ်ပါးလျှင် အမှတ်မှားသော သညာဝိပလ္လာသ
အသိမှားသောဝိပလ္လာသ ၊အယူမှားသော ဒိဋ္ဌိဝိပလ္လာသ ။ဟု
သုံးပါးစီရှိကြ၍ လေးပါးလုံးပေါင်းသော် ၄×၃=၁၂ ပါးဖြစ်၏။

သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ် သည်---
အနိစ္စ ၌ နိစ္စ ဟုဖောက်ပြန်သော သညာ စိတ္တ ဒိဋ္ဌိ သုံးပါး၊
အနတ္တ ၌ အတ္တ ဟုဖောက်ပြန်သော သညာ စိတ္တ ဒိဋ္ဌိ သုံးပါး၊
အသုဘ ၌ သုဘ ဟုဖောက်ပြန်သော ဒိဋ္ဌိ တစ်ပါး၊
ဒုက္ခ ၌ သုခ ဟုဖောက်ပြန်သော ဒိဋ္ဌိ တစ်ပါး၊
ဤ-ဝိပလ္လာသတရား ရှစ်ပါးကို ပယ်သည်။

အနာဂါမိမဂ်သည်----
အသုဘ ၌ သုဘ ဟုဖောက်ပြန်သော သညာ စိတ္တ ဝိပလ္လာသ
တရား နှစ်ပါးကို ပယ်သည်။

အရဟတ္တမဂ်သည်----
ဝိပလ္လာသတရား အလုံးစုံ အကုန်ပယ်သည်။

၇ ။ အဂတိတရား ( ၄ )ပါး
**********************

အဂတိဆိုသည်မှာ----
ဆန္ဒာဒိဝသေန နဂစ္ဆတီတိ အဂတိ ။ဟူသည်နှင့်အညီ ပစ္စည်းဝေ
ဖန်သောနေရာ တရားဆုံးဖြတ်သောနေရာ စသည်တို့၌ ချစ်သ
ဖြင့်လည်းကောင်း ၊မုန်းသဖြင့်လည်းကောင်း ၊မသိတွေဝေသဖြင့်
လည်းကောင်း ၊ကြောက်သဖြင့်လည်းကောင်း မပြုသင့်သည်ကို
ပြုခြင်း ပြုသင့်သည်ကို မပြုခြင်း ပင်ဖြစ်သည် ။

ထို အဂတိတရားသည် ----
ဆန္ဒာဂတိ ။ဒေါသာဂတိ ။မောဟာဂတိ ။ဘယာဂတိ ။ဟူ၍ လေး
မျိုးရှိသည် ။

သောတာပတ္တိမဂ်သည် ---
အဂတိတရား လေးပါးစလုံးကို ပယ်သတ်သည် ။
အထက်မဂ်များ က ပယ်သတ်စရာ အဂတိတရားသည်မရှိချေ ။

၈ ။ ဥပါဒါန်တရား ( ၄ )ပါး
**********************

ဥပါဒါန်ဆိုသည်မှာ----
ဘုသံ အာဒိယန္တီတိ ဥပါဒါနာ ၊ဒဠှဂ္ဂါဟံ ဂဏှန္တီတိ အတ္ထော ။
နှင့်အညီ အမှန်မကျ အမှားဟူသမျှကို ပြင်းထန်ခိုင်မြဲစွာ မလွတ်
တမ်း စွဲလမ်းဖမ်းယူတတ်သောကြောင့် ဥပါဒါန် ဟုဆိုပါသည်။

ထို ဥပါဒါန် သည်----
ကာမုပါဒါန် ။ဒိဋ္ဌုပါဒါန် ။သီလဗ္ဗတုပါဒါန် ။အတ္တဝါဒုပါဒါန် ။ဟူ၍
လေးမျိုးရှိပါသည် ။

ကာမဂုဏ်၌ အစွဲအလမ်းကြီးသောတဏှာကို ကာမုပါဒါန်
ဟုဆိုပါသည် ။( ကာမရာဂ။ရူပရာဂ။အရူပရာဂ)

၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ အယူ၌စွဲလမ်းသော
မိစ္ဆာဒိဋ္ဌိစေတသိက် ကို ဒိဋ္ဌုပါဒါန် ဟုဆိုသည်။

ကံကုန်စေခြင်းငှာ နွားကဲ့သို့ကျင့်သော(ဂေါသီလ-အကျင့်)
ခွေးကဲ့သို့ကျင့်သော(ကုက္ကုရသီလ-အကျင့်)
ကိလေသာကုန်စေခြင်းငှာ နံဘေးမှမီးပုံလေးပုံ အထက်မှနေပူ
အပူငါးမျိုး ခံ၍ကျင့်သောအကျင့်(ပဉ္စာတပ-အကျင့်)
ကိလေသာစင်ကြယ်စေခြင်းငှာ ရေငုပ်သောအကျင့်
(ဥဒကောရောဟန-အကျင့်)
အစာမစားပဲနေသောအကျင့် စသည် ကောင်းနိုးရာရာ မမှန်ကန်
သော အတုလိုက်၍ကျင့်သောအကျင့်၌ အစွဲလမ်းကြီးမှု့ကို
သီလဗ္ဗတုပါဒါန် ဟုခေါ်ပါသည် ။

သက္ကာယဒိဋ္ဌိ အယူမှား၌ အစွဲလမ်းကြီးမှု့ကို အတ္တဝါဒုပါဒါန် ဟု
ဆိုပါသည် ။

သောတာပတ္တိမဂ်နှင့်သကဒါဂါမိမဂ်သည်----
ဒိဋ္ဌုပါဒါန် ။သီလဗ္ဗတုပါဒါန် ။အတ္တဝါဒုပါဒါန် ။တို့ကိုပယ်သတ်၏။

အနာဂါမိမဂ်သည် -----
ကာမဘုံ၌တပ်မက်သော ကာမုပါဒါန် ကိုပယ်ပါသည် ။

အရဟတ္တမဂ်သည်-----
ရူပဘုံ ၊အရူပဘုံ တို့၌ တပ်မက်သော ရူပရာဂ ၊အရူပရာဂ တို့ကို
ပယ်သတ်ပါသည် ။

ကိုးကား--
လယ်တီဒီပနီပေါင်းချုပ်မှ

Post a Comment

0 Comments